စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ထုတ်ဖေါ် ပြောဆိုလိုက်သည်။
စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုး ကြီး ဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှု့ ပစ်ပယ်ကာ တပြည်ထောင် စနစ် တည်ဆောက် ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စား ပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
အခြေအနေ လုံးဝ မပေးနိုင် တော့တဲ့ အဆုံး လက်နက် ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြော သည်။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အား လုံး ကြိုးစား တိုက်ပွဲဝင်ကြရန် ဆက်လက် တိုက်တွန်း နှိုး ဆော်ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က “တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ပြောသည်။
SSPP/SSA သည် ဉီးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ပ ဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော် လည်း စစ်တပ်နှင့် တိုက်ပွဲများ တခါတရံ ဖြစ်ပွားခဲ့ပါ သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း ဌာနချုပ် ရှိရာ ဝမ်ဟိုင်းကို ဗမာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီး မားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။